“လူလိမ်ကြီး”
Posted on 24.4.2010 by
akyawmyint
လူလိမ်ကြီး......(မန်းကျော်ရေးသည်။)
ဆိုင်ကယ် အစုတ်ကြီးတစ်စီးနှင့် လူတစ်ယောက်သည် မန္တလေး ကျုံးတော်ဝိုင်းပတ်လျက်ရှိသောနန်းမြို့တော်၏ အနောက်တံခါးမှ ထွက်ပေါ်လာမည့် မိန်းကလေးတစ်ယောက်နှင့် သူမမြင်ဖူးသေးသောအဒေါ်ကြီးတစ်ယောက် ကို နေပူကြီးထဲတွင် အနောက်ကျုံးတံတားပေါ်မှ လွန်စွာစိတ်အားထက်သန်စွာဖြင့် စောင့်နေလေ၏....။
နေကားကြဲကြဲတောက်ပူ၏။ မန္တလေးနွေသည် ထိုကတုံးဆံတောက်ဆံပင်ရှိ၍ ပုဆိုးညိုညိုအရောင်ဖျော့ဖျော့ဝတ်ဆင်ထားသော...အသက်ငယ်ငယ်နှင့်အဖိုးကြီးအို ရုပ်ပေါက်နေသောလူဝကို ချွေးအလွန်ထွက်စေကာ အလိုလိုနေရင်း စိတ်အိုက်အောင်ပံပိုးနေလေတော့သည်။
ထိုကတုံးဆံပေါက်ကား မကြာမှီကမှ နိုင်ငံခြားမှ ပြန်လာခဲ့သည်ကို ကျမ်းကျိန်ပြောရလောက်သော အဆင်းအသွင်ရှိလေ၏။ ကွမ်းမစားရတာကြာပြီ ဟူသောအကြောင်းဖြင့် နင်းကန်စားထားသဖြင့် ဝါညစ်ညစ်ဖြစ်ရုံမက ရဲနေသောသွား.၊ အခြားသော နိုင်ငံခြားပြန်များကဲ့သို့ တောက်ပ သစ်လွင်သော ဝတ်စားဆင်ယင်မှုမရှိသည့်အပြင် အရောင်မွဲသောပုဆိုးနှင့်လိုက်ဖက်သော နေလောင်ခံအသားအရည် နီညိုရောင်နှင့်ထန်းတက်သမားရုပ်ပေါက်နေလေ၏။
ထိုကတုံးစီးလာသော ဆိုင်ကယ်အိုကြီးကိုလည်း ရှုပါဦး။ မီးခွက်ဝိုင်း စူပါကတ်ကြီးမှာ ဂျပန်ခေတ်ကိုပင်သတိရနှိုင်လောက်အောင် အရောင်မှိန်ဆေးကွာ နေရသည့်အထဲတွင်...လူထိုင်ရန်လုပ်ထားသောနောက်ထိုင်ခုံကိုဖြုတ်၍ ပစ္စည်းတင်ရန်ပြုလုပ်ထားသောကယ်ရီယာအကြီးစားကြီး ကိုတပ်ဆင်ထားလေရာ..ထိုဗိုက်ပူပူကတုံးဆံပေါက်နှင့် ဤ ဆိုင်ကယ်အိုကြီးကိုတွဲ မြင်သူတိုင်း ဝက်သားသယ်ကြီးဟုထင်မှတ်ရလေတော့သည်။
အနှီဝက်သားသည်ရုပ်နှင့်လူကား အလွန်စိတ်အိုက်ကာ မနေတတ် မထိုင်တတ်ဖြစ်ကာ ဆိုင်ကယ်ကို နေရာရွေ့ပြီး ထိုင်စရာရှာ၏။ ထို့နောက် ဤမျှပူသော နေရောင်အောက်တွင် ဖင်ထိုင်ခုံကို ဤအတိုင်းထားပါက ဖင်မွှေးပြောင်မည်ကိုသတိရသဖြင့် ဖင်ထိုင်ခုံကို မပြန်လေပြီး ဖင်ထိုင်ခုံအောက်မှ ပုဆိုးစုတ်ကြီးကိုထုတ်ပြန်၍ ဆိုင်ကယ်အိုကြီးအားလွှမ်းခြုံပေးလေ၏။ သစ်ပင်ရိပ်ရှိသော ကျုံးဘေးသို့လျောက်ကာထိုင်စရာခုံလေးမှ အနောက်ပေါက်( နန်းမြို့တော်အနောက်တံခါး)သို့မျှော်ကြည့်လေပြန်၏။ ထိုမှ တဖန် သူ့ကို မမြင်မည် စိုးသဖြင့် ကျုံးကူးအနောက်တံတားပေါ်ထွက်ကာလျောက်ပြန်လေသည်။
ဤသို့ ဂနာမညိမ် ဖင်တကြွကြွဖြစ်နေ၇သောအကြောင်းမှာ ကား........