“အမ်ပီတီ နှစ်သိန်းတန်”
Išsiųsta 2012-11-08 iki
shweyoat
“ဖုန်းတွေ နှစ်သိန်းနဲ့ရောင်းပေးတော့မယ်တဲ့”
ထိုသတင်းကိုပြောတဲ့သူက လပြည့်သာနေသလိုမျက်နှာ၊ မှိုရတဲ့မျက်နှာကြီးနဲ့ စပ်ဖြီးဖြီးကြီးကိုဖြစ်လို့
“ဘယ်သူက ငါးသိန်းကနေ နှစ်သိန်းထိ လျှော့ ရောင်းမှာလဲ ပေါက်တက်ကရ ... ”
ကျွန်မက လှမ်းမေးလိုက်တော့
“ဂျာနယ်လေး ဘာလေးမဖတ်ဘူးလား ဒီလောက် အုန်းအုန်းထနေတာ”
“ဘာ အုန်းအုန်းထ ဘုန်းဘုန်းမ မှ မဖတ်ဘူး ..ဒါနဲ့ နေပါဦး နှစ်သိန်းနဲ့ ရောင်းမယ်ဆိုတော့ ရောင်းတဲ့သူ ဗိုက်နာနေလို့နေမယ်”
မာလာမြင့်စိတ်ညစ်သွားသည်ထင်၏။ သူ၏ ခေါင်းကို လက်ငါးချောင်းနဲ့ ထိုးဖွလိုက်ကာ
“မသိဘူးဟေ့... ရောင်းတာက မြန်မာ့ဆက်သွယ်ရေးက ဗိုက်နာနေလား ဗိုက်အောင့်နေလား ငါလဲမသိဘူး နင်ဝယ်မယ်ဆို ငါနဲ့လိုက်ခဲ့ ခုသွားဝယ်မလို့”
ကျွန်မ ကျေကျေနပ်နပ်ကြီးပြုံးလိုက်မိသည် .... သူ့အသံကိုကြားဖို့ လမ်းဘေးက ဖုန်းတွေဆီမှာ နေပူခံစရာမလိုတော့ဘူးလေ . အအေးသောက်ရင်း မုန့်စားရင်း ... တီဗွီကြည့်ရင်း ယုတ်ဆွ အဆုံး အိမ်သာတက်ရင်းပင် သူနဲ့ စကားပြောလို့ရပြီလေ...
သို့သော် မှန်းချက်နဲ့ နှမ်းထွက်လွဲတယ်ဆိုတာ ကျွန်မအတွက် ထွင်ထားခဲ့လေသလားမသိဘူး.... ၀ယ်ခဲ့သောဖုန်းမှာ ဖုန်းခေါ်ပြီဆိုလျှင် နီးစပ်ရာ ပြတင်းပေါက်ကို အပြေးကပ်ရသည်။ ထို့နောက် ခေါင်းကို ပြတင်းပေါက် အပြင်ထုတ်ကာ ဆက်ရသည်။ သို့မှသာ ဖုန်းလိုင်းမိတော့လေသည်။ ဒါပေမယ့် ကျွန်မတို့ တစ်ရုံးလုံးလိုလို ပျော်ကြသည်။ နှစ်သိန်းတန်ဖုန်းကို တစ်ယောက်တစ်လုံး ကိုင်နိုင်ကြပြီ ။ ရီလဲရီရသေးတယ် ။ ဖုန်းတွေဝယ်တုန်းကဆို ဖုန်းကိုကိုင်ကာ ကြည့်လိုက်ရီလိုက် .. နောက်ပြီး ဖုန်းကိုထားစရာနေရာမရှိခြင်းပင်။ ဒီပေါ်မှာဆို ပြုတ်ကျနိုင်တယ် ။ ဒီနားက လိုင်းမိပါ့မလား ။ ချာလပတ်လည်စွာပင် ဖုန်းကို ယုယလိုက်ကြသေးသည်။ ထို့ပြင်
“ဟဲ့ ညည်းဖုန်း ring ကို ငါနဲ့ အတူတူလိုက်မလုပ်နဲ့ တော်ကြာ ငါ့ဟာလားမသိ နင့်ဟာလားမသိဖြစ်နေမယ် ”
ထိုသို့လဲ ပြဿနာတက်ကြသေးသည်။
ဖုန်းစ၀ယ်တဲ့နေ့ကဆို
“ဟဲလို... ဟဲလို... ဟီးဟီး ဟုတ်....ဟုတ်... ၀ယ်လိုက်တယ်လေ ....အဟက်ဟက်.....မှတ်ထားနော်”
“ ရော်ပိုဆယ်ရို.... အိုပါးလား အဟိဟိ .... ဒါလေ မြင့်ဝယ်လိုက်တာပေါ့ ဟီးးးး .. အသံကကြည်တယ်နော် ... မြင့်ဝယ်ထားလို့နေမှာ ”
“အဘွားလား ဘွားမြေးလေ ဒီဖုန်းကို ၀ယ်လိုက်တာ ဘွား ထမင်းစားပြီးရေသောက် အဟက်ဟက် ... ဘွား မီးဖုန်းကို နာရီဝက်တစ်ခါ ခေါ်နော် ... အဲ့ဒါမှ အမ်ပီတီက လိုင်းအပြည့်ပေးတာတဲ့ ဟိဟိ... ဒါဘဲနော် အာဘွား.....”
တစ်ယောက်တစ်မျိုး ဖုန်းတွေပြောကြသည်။ နောက်ဆုံး ပြောစရာ ကုန်သွားတော့ ရုံးထဲမှာ အချင်းချင်း ဖုန်းခေါ်ကာ တိုးတိုး ကြိတ်ပြောကြသေးသည်။ ထိုအထဲတွင် ကျွန်မကတော့ အိနြေ္ဒအရှိဆုံး ဆိုရပေမည်။ ဟီး.... ကျွန်မချစ်သူကို မက်စေ့ပို့ကာ ညနေခုနှစ်နာရီ ဖုန်းခေါ်မည်ဖြစ်ကြောင်းပြောထားသည်။ ကျွန်မတို့ ရုံးတွင် တစ်ခါတစ်လေ ဖုန်းလိုင်းအပြည့်မိသော်လည်း တစ်ခါတလေ တစ်လိုင်းမှမပေါ်ပေ ..ထို့ကြောင့် ဖုန်းပြောလျှင် နီးစပ်ရာပြတင်းပေါက် မှာပြောရသည်မှာ ဖီးပျက်လေတော့သည်။
ထို့ကြောင့် ညနေ သူနဲ့ အိမ်ရောက်မှဖုန်းပြောမည်ဖြစ်ကြောင်းမက်စေ့ပို့ခြင်းဖြစ်တော့သည်။ ထို့နှင့် ညနေရောက်တော့
“ဟဲလို.... မောင်လား...”
မောင့်အသံချိုမြမြကိုကြားရသည်။
“အဟွန်းဟွန်း.... မောင်က လားမဟုတ်ပါဘူး လူလူ”
“မောင်ကလဲ မနောက်ပါနဲ့ နောက်ဆို ဒီလိုအချိန်စကားပြောကြမယ်နော်”
“၀ရှုး.... ဝေါဝေါ..... ”
“အာ... မောင်ဘာတွေပြောနေတာလဲ”
“.................”
သူ့ထံမှ ဘာမှမကြားရတော့ ။ ထိုအခါ ကျွန်မမှာ မောင်ကျာလား ဆင်လား လုပ်ရတော့သည် ။ ပြတင်းပေါက်ကို ဖွင့်ကာ ပြေးကပ်ရတော့သည်။ ခေါင်းတစ်လုံးကိုအပြင်ထုတ်ဆက်သော်လည်း အဆင်မပြေသောကြောင့် ကိုယ်တစ်ပိုင်းကို ပြတင်းပေါက်မှထွက်ကာ အတင်းဟဲလိုရတော့သည်။ ကျွန်မ၏မောင်ကြားလားတော့မသိ ကျွန်မတော့ပြုတ်ကျရင် ဘ၀ပြောင်းနိုင်ကိန်းဆိုက်နေပြီ... ဒါတောင်
“ကောင်မလေး ... ရှေ့ထပ်တိုးဦး မောင်မကြားရဘူး ”
“ဘုရားကယ်ပါ.... ဒီမှာ ဒီထပ်ထပ်တိုးရင် အမ်ပီတီဖုန်းမလိုတော့ဘူးမောင်ရေ ... ဒီမှာ တစ်ဝက်က အပြင်ထွက်နေပြီ ”
“ဘာ ... မင်းဘာတွေ အပြင်ထွက်နေတာလဲ ပြန်ထည့်ထား ...”
“ဟင်...”
သူနဲ့ ကျမ ဖုန်းတစ်လုံးစီနဲ့တော်တော်ဒုက္ခများနေတော့သည်။ သူပြောတာ ကိုယ်က တစ်ပိုင်းတစ်စကြား သူက ကိုယ်ပြောတာကို နားစွန်နားဖျားကြားက အတင်းပြန်ထည့်ခိုင်းနေတော့သည်။
“ဟာ မောင် ... ဒီမှာလိုင်းက နှစ်လိုင်းတောင်ပေါ်နေတာနော်.. မောင့်ဘက်က ဖြစ်တာ....”
“ဟေ့ ဘာမှမဖြစ်ဘူး ဒီမှာ မောင်က ဆက်သွယ်ရေး တာဝါတိုင်အောက်က ထိုင်ဆက်နေတာ ”
“အဲ့ဒါကြောင့်ဖြစ်မယ် တာဝါတိုင်ပေါ်မှ တက်မပြောတာ ဘယ်ရမလဲ”
“တီ..... တီ.....တီ....”
ပြောရင်းဖုန်းလိုင်းပြတ်သွားတော့သည်။
ကျွန်မပြန်ခေါ်သော်လည်း
“လူကြီးမင်းခေါ်ဆိုသောဖုန်းမှာ ဆက်သွယ်မှုဧရိယာ ပြင်ပရောက်နေပါသဖြင့် ခေါ်ဆို၍မရနိုင်ပါရှင်”
ရအောင်ဆက်မှာပေါ့ ဆိုပြီး မရမချင်းဇွဲကောင်းကောင်းနှင့်ခေါ်နေမိသည်။သို့သော် သူကလဲ လူကြီးမင်းကြီးဘဲအော်တော့သည်။ နောက်ဆုံးတစ်ခေါက်တွင်မတော့
“ လူကြီးမင်း၏ ဖုန်းကိုယ်တိုင်သည် ဆက်သွယ်မှု ဧရိယာ ပြင်ပရောက်သွားပါသဖြင့် မည်သို့မှ ခေါ်ဆိုလို့မရနိုင်ပါရှင်”
ဟင် ငါ့ဖုန်း.... ဘာ....ဘာ...ကောင်းရော ...ပြတ်ရော ...
ကျွန်မဖုန်းကို ပြတင်းပေါက် ဘောင်ပေါ်တင်ကာ ထွက်လာခဲ့တော့သည်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ရွှေရုပ်