အရှင်နာဂိန္ဒ မော်ကွန်းကို စိန်ခေါ်လိုက်တာဖြစ်တယ်
Posted on 9/1/2010 by
kyaukphru
Tags: ဆောင်းပါး
စာရေးသူ – ခိုင်လင်း (မေဃဝတီ)
ရမ္မာဝတီ အရှင်ပညာစာရ သတင်းတွေ ဖတ်ရတော့ သွေးတွေ ဗလောင်ဆူပွစေခဲ့တယ်။ ဒီသတင်းတွေကို အခြေခံပြီး စစ်အစိုးရရဲ့ လုပ်ရပ်တွေကို ရှုတ်ချကာ ဆောင်းပါးတပုဒ်ရေးဖို့ စိတ်ကူးရှိပေမယ့် လက်ကချမရေးဖြစ်ခဲ့။ သတင်းဌာန ပေါင်းစုံက သတင်းတွေကို အချိန်ယူပြီး အသေးစိတ် ဖတ်ဖြစ်တယ်။ အသေးစိတ် သွေးတွေကို ဆူလောင်စေတဲ့လုပ်ရပ်။ စစ်တွေကို သုံးလေးကြိမ်လောက် ဖုံးဆက်ဖြစ်ပြီး ထင်မြင်ချက်တွေ နားထောင်ကြည့်တယ်။
အမျိုးသီလ နှစ်ဌာနဆိုတာ ရခိုင်တွေရဲ့သွေး။ တပ်မတော်ထဲက ရခိုင်တွေ ဒီ ဗီဇသွေး ပျောက်ကုန်ပြီလား။ လက်ထဲက သေနတ်တွေ အမျိုးသီလ နှစ်ဌာန အတွက် ကာကွယ်သင့်တယ်။ ရမ္မာဝတီ အရှင်ပညာစာရရဲ့ ရှေးဟောင်း အမွေအနှစ်တွေ ဆုံးရှုံးတာ မဟုတ်ဘူး။ ရခိုင်တမျိုးသားလုံးရဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေ ဆုံရှုံးတာဖြစ်တယ်။ ရှေးဟောင်း ပေစာတွေမှာ အကြောင်းအရာမျိုးစုံ ပါနေလိမ့်မယ်၊ ရှေးခေတ် ရခိုင်စာပေရဲ့မှတ်တမ်းတွေ၊ စာပေလက်ရာတွေ ဖြစ်တဲ့အတွက် တန်းဖိုး ပိုင်းဖြတ်လို့ ရမှာမဟုတ်ဘူး။ ပြီးတော့ ရခိုင်ဒင်္ဂါး။ ပြောရရင် ရခိုင်က သီးခြား နိုင်ငံတော်အဖြစ် နေခဲ့စဉ်က နိုင်ငံရဲ့ ငွေကြေး ထုတ်လုပ်ခဲ့ခြင်းဟာ မြန်မာ(ဗမာ)တွေထက် နှစ်ပေါင်းများစွာ စောတယ်။ ဒီ ဒင်္ဂါး (ငွေကြေး) တွေဟာ လူမျိုးတစ်မျိုးရဲ့ ယဉ်ကျေးမှုကို ပြသနေတာဖြစ်တယ်။ ပညာရှင်တွေ ပြောကြတာကတော့ လူမျိုးတစ်မျိုး ယဉ်ကျေးမှု ဘယ်လောက်ဖွံ့ဖြိုး တိုးတက်သလဲဆိုတာကို အဲဒီလူမျိုးရဲ့ ဂန္တ၀င်ယဉ်ကျေးမှု အမွေအနှစ်တွေနဲ့ တိုင်းတာရတယ်လို ပြောကြတယ်။
သတင်းအချက်အလက်တွေအရ စာရင်းဇယားမရှိပဲ ဆရာတော် စုဆောင်းထားတဲ့ ရှေးဟောင်း ပေစာ၊ ရခိုင်ဒင်္ဂါး (ရခိုင်ပိုက်ဆံ) စတဲ့ ရှေးဟောင်း အမွေအနှစ်တွေကို အတင်းအဓမ္မ သိမ်းယူလိုက်ခြင်းဟာ ရခိုင်တစ်မျိုးသားလုံး အနေနဲ့ အတိတ်ကို ပြန်ပြောင်း သတိရသင့်တယ်။ အတိတ်ကို ပြန်ပြောင်းသတိရတဲ့ လူတွေလည်း ရှိကြမယ်။ ပြောရရင် နှစ်ပေါင်း နှစ်ရာကျော် ကြာသွားခြင်းဟာ တိုင်းပြည်တစ်ပြည် လူမျိုးတစ်မျိုးအတွက် ကြာတဲ့ အချိန်ကာလဟုတ်ဘူး။ အတိတ်ကို ပြန်ပြောင်း သတိရခြင်းနဲ့ အတူ ကိုယ့်ပြည်သူတွေအတွက် ဘာတွေပေးသင့်သလဲ၊ အတိတ်ကို ပြန်ပြောင်းသတိရသင့်တယ် ဆိုတာ သတိရရုံအဆင့်ကို ကျော်လွန်ပြီး တပ်မတော်ထဲက ရခိုင်လူမျိုးတွေ အထူး နားလည်သင့်တယ်။ လုပ်နိုင်တဲ့ အခွင့်အရေးဟာ တပ်မတော်ထဲက ရခိုင်တွေက ပိုပြီးရှိတယ်။ လုပ်နိုင်တဲ့ အခွင့်အရေးဟာ လက်ထဲမှာ ရှိတယ်။ ဒီနေရာမှာ အသေအချာ ပြောချင်တာက နိုင်ငံရေး အရောင်အသွေးမပါဘူး။ ပြီးတော့ တပ်မတော်ဆိုတဲ့ စကားလုံးကို အခြေခံပြီး လူတစ်စုက လုပ်နေတယ် ဆိုတာကို ပြောချင်တယ်။
၁၇၈၄ တုန်းက ရခိုင့်ယဉ်ကျေးမှု အမွေအနှစ်တွေ ဘာဖြစ်သွားသလဲ။ ပြန်စဉ်းစားသင့်တယ်။ ယူလို့ရတာ အကုန်ယူ၊ ယူလို့ မရရင် မီးရှို့။ မန္တလေးရောက် ရခိုင်မဟာမုနိဘုရားက သက်သေပြနေတယ်၊ ယူမရတဲ့ ရခိုင့် ဘုရင့်နိုင်ငံတော်က နန်းတော် ကို ပြာပုံဘဝ ပို့ပေးခဲ့တဲ့ အဖြစ်အပျက်တွေ ပြန်ပြောင်း သတိရသင့်တယ်။ ဒီနေ့ ရမ္မာဝတီ အရှင်ပညာစာရ စုဆောင်းထားတဲ့ ရှေးဟောင်း အမွေအနှစ်တွေဟာ ရခိုင်တွေရဲ့ ယဉ်ကျေးမှု ပြယုဂ်တွေ၊ ရခိုင်လူမျိုးတွေရဲ့ သွေးသား တွေပါ။ လူမျိုးတစ်မျိုးအတွက် ရှေးဟောင်း အမွေအနှစ်ဆိုတာ သိပ်အရေးကြီးတယ်။ ၁၇၈၄ တုန်းက ဖျက်ဆီးတန် ဖျက်ဆီး၊ ယူတန်ယူပြီး ဒီနေ့အချိန်ထိ ကျန်နေသေးတဲ့ ရခိုင့်အမွေအနှစ်တွေကို သွေးအေးအေးနဲ့ ဖျက်ဆီးခဲ့တာတွေ ရှိတယ်။ သတင်းမီဒီယာတွေပေါ် မရောက်ခဲ့တာတွေ ရှိတယ်။ သမိုင်း အမွေအနှစ်ဆိုတာ ဇာတိမာန်ကို ဖြစ်ပေါ်စေတယ်။ ဒါကြောင့် ဇာတိမာန် ပြန်လည် မရှင်သန်လာရအောင် ဟိုးကတည်းက လုပ်ခဲ့သလို ကျန်နေသေးတဲ့ သမိုင်းအမွေအနှစ် တွေကိုလည်း အခါအခွင့်သင့်ရင် သင့်သလို ဖျက်ဆီးခံခဲ့ရသလို ယနေ့လည်း ဖျက်ဆီးခံနေရတယ်။ ဆိုတော့ အရှင်ပညာစာရရဲ့ စုဆောင်းထားတဲ့ ရခိုင့်ရှေးဟောင်း ပေစာ၊ ရခိုင်ဒင်္ဂါး စတဲ့ သမိုင်းဆိုင်ရာ အမွေအနှစ်တွေဟာ ရခိုင်တစ်မျိုးသားလုံးရဲ့ အမွေအနှစ်တွေ ဖြစ်တယ်ဆိုတဲ့ အသိနဲ့ လုပ်သင့်လုပ်ထိုက်တာကို လုပ်ဖို့လိုအပ်တယ်။ အမျိုးသီလ နှစ်ဌာနနဲ့ သန္ဓေတည်လာတဲ့ ရခိုင်လူမျိုးတွေအနေနဲ့ တမျိုးသားလုံးကို စိန်ခေါ်သလို ဖြစ်နေတဲ့ ဒီကိစ္စကို လက်ပိုက် ကြည့်မနေသင့်ပါ ။
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) အနေနဲ့ ဦးဆောင်ပြီး ဒီထက် ကျယ်ကျယ်ပြန့်ပြန့်လုပ်ဖို့ လိုအပ်တယ်။ ဒီပါတီရဲ့ လုပ်ရပ်ကို အားပေး ထောက်ခံတယ်။ သေချာတာ တစ်ခုက အမျိုးသားရေးဆိုင်ရာ ကိစ္စဖြစ်တဲ့ အတွက် ရွေးကောက်ပွဲ ပါဝင် ယှဉ်ပြိုင်ရေးထက် အရေးကြီးတယ်။ ရခိုင်ဒီမိုကရေစီအဖွဲ့ချူပ် (ဂျပန်) ဌာနခွဲရဲ့ လှုပ်ရှားမှုကို တွေ့လိုက်ရတယ်။ အခြားသော ရခိုင်နိုင်ငံရေးပါတီများ၊ နိုင်ငံရေး မဟုတ်သော အဖွဲ့အစည်းများ အနေနဲ့လည်း သီးခြားသော် လည်းကောင်း၊ စုပေါင်း၍သော် လည်းကောင်း လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။
မိဘမဲ့ ရခိုင်လူမျိုး ကလေးငယ်တွေကိစ္စကို လုပ်ဆောင်ချက်ကလည်း တကယ့် ကြေကွဲစရာဖြစ်တယ်။ ရခိုင်လူထုတွေက တာဝန်ယူနေပါလျှက် မြန်မာ (ဗမာ) ပြည်ကို ပို့လိုက်ခြင်းကလည်း ရခိုင်တွေရဲ့ သွေးသားထဲက အမျိုးသီလ နှစ်ဌာနကို စိန်ခေါ်လိုက်တာ ဖြစ်တယ်။ ဒီကလေးတွေ ဘာဖြစ်သွားမလဲ။
ဒီကိစ္စက ရခိုင်လူမျိုးတွေ တကယ့် မလိုလားအပ်တဲ့ကိစ္စ တစ်ခုပါ။ တရားလိုတွေ စွပ်စွဲပြောဆိုသလို သမိုင်းသုတေသီ ရမ္မာဝတီ အရှင်ပညာစာရ မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ ရှေးဟောင်း ရခိုင်ပေစာ၊ ဒင်္ဂါးစတဲ့ ယဉ်ကျေးမှု အမွေအနှစ် များကို သိမ်းစရာမလို၊ ထို့အတူ မိဘမဲ့ ရခိုင်ကလေးငယ်တွေကို တာဝန်ဆက်ယူမည့် စစ်တွေမြို့ရှိ ရပ်မိရပ်ဖများကို မလွှဲအပ်လိုက်ပဲ မြန်မာ(ဗမာ) ပြည်ကို အတင်းအကြပ်ပို့စရာမလို။ ကျောင်းကို ချိတ်ပိတ်စရာမလို။ ယခုကဲ့သို့ မလိုအပ်သည့် အရာတွေကိုပါ လုပ်ဆောင်လာခြင်းဟာ ရခိုင်တမျိုးသားလုံးကို စိန်ခေါ်လိုက်ခြင်းဖြစ်တယ်။ တနည်းအားဖြင့် အရှင်နာဂိန္ဒ မော်ကွန်းကို စိန်ခေါ် လိုက်တာဖြစ်တယ်။