အရှင်ပညာစာရအား ဖမ်းဆီးမှု အာဏာပိုင်များက ဗွီဒီယို ဆလိုက်ရှိုး ပြုလုပ်၍ ၀ါဒဖြန့်
Geschrieben am 08.08.2010 von
kyaukphru
-------------
မောင်အေး
-------------
စစ်တွေမြို့ မဟာမုနိ ဗုဒ္ဓ၀ိဟာရ ပရဟိတကျောင်းတိုက်မှ ဆရာတော် ရမ္မာဝတီ အရှင်ပညာစာရအား အာဏာပိုင်များမှ ဖမ်းဆီး လူဝတ်လဲခြင်းနှင့် ပတ်သတ်၍ အာဏာပိုင်များမှ လူထု အတွင်း ၀ါဒဖြန့် မူများ ပြုလုပ်နေကြောင်း သတင်း ရရှိသည်။
အာဏာပိုင်များသည် စစ်တွေ လူထုအား ဖိတ်ကြားပြီး ယမန်နေ့က စစ်တွေမြို့ ပြည်နယ်ခန်းမတွင် ဦးပညာစာရအား ဖမ်းဆီးရခြင်းနှင့် ပတ်သက်ပြီး ဗွီဒီယိုရိုက်ကူး ထားချက်များကို ဆလိုက်ထိုးပြသခဲ့သည်ဟု တက်ရောက်ခဲ့သူ တဦးက ပြောသည်။
“မနေ့က ၁၀ နာရီလောက်က ပြည်နယ်ခန်းမမှာ အဲဒီ ၀ါဒဖြန့်ပွဲကို လုပ်တာ ဖြစ်ပါတယ်။ အဲဒီမှာ အဓိက ပြတာကတော့ ဆရာတော် ကျောင်းဝင်းအတွင်းက ကလေးအလောင်းတွေ တူးဖေါ် ရရှိတာနဲ့ ဆရာတော်နဲ့ ဖေါက်ပြန်တယ်လို့ စွပ်စွဲထားတဲ့ မာလာဆိုတဲ့ အမျိုး သမီးကို ပိတ်ကားပေါ်မှာ ဆလိုက်ထိုးပြီး ပြတာ ဖြစ်ပါတယ်။”
၎င်းပြင် သူက “အဓိက ဦးဆောင်လုပ်တာက ရဲတပ်ဖွဲ့က လုပ်တာဖြစ်တယ်။ အဲဒီမှာ ဆရာတော်ဟာ အမျိုးသမီး နဲ့ကျူးလွန်တယ်ဆိုတာတွေကိုဘဲ အဓိကထား ရှင်းလင်း ပြောဆိုပါတယ်။ တခြား ကိစ္စတွေတော့ သိပ်မပြောပါဘူး။ ဖိတ်ကြားခံရတဲ့ စစ်တွေမြို့ခံ လူ ၁၀၀ ခန့်တက် ရောက်ခဲ့ပါတယ်” ဟု သူက ဆက်ပြောသည်။
ဆရာတော်ဖမ်းဆီးမူနှင့် ပတ်သက်ပြီး သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာပြီးနောက် အာဏာပိုင်များက အရှင်ပညာစာရအား ဖမ်းဆီးရခြင်းနှင့် ပတ်သက်ပြီး တရားဝင် လူသိရှင်ကြား ရှင်းလင်းခြင်း ဖြစ်သည်။
ယခုအခါ ကျောင်းရှိကလေး ၁၀၀ နီးပါးကို လူစုခွဲကာ အာဏာပိုင်များမှ နေရာပြောင်းရွေ့ လိုက်ပြီးဖြစ်ကြောင်း ကျောင်းနှင့် နီးစပ်သူ တဦးက ပြောသည်။
“ဒီနေ့မနက်ကဘဲ ၅ နှစ်အထက် ကလေးတွေကို မကွေးကိုယူသွားတယ်။ ၅ နှစ်အောက် ကလေးတွေကိုတော့ မန္တလေးကို ယူသွားတယ်။ ကျန်းမာရေးအရ လသားအရွယ်ကလေး ၇ ယောက်ကိုတော့ စစ်တွေဆေးရုံကို ပို့ထားတယ်။ ၁နှစ်အရွယ် ကလေး ၇ ယောက်ကိုတော့ အရံ ရဲတပ်ဖွဲ့မှာ ထိမ်းသိမ်းထားတယ်။”
ကလေးများကို နေရာပြောင်းသွားသည့် ကိစ္စနှင့်ပတ်သတ်ပြီး စစ်တွေမြို့မှ နိုင်ငံရေးသမား ဟောင်းတဦးက ယခုကဲ့သို့ ပြောသည်။
“အဓိက ကျွန်တော်တို့ ရခိုင်တွေ၊ စစ်တွေ မြို့သူမြို့သားတွေ ညံ့တာဘဲ။ လူတယောက်လုပ် ထားခဲ့တာကို တမြို့သားလုံး မထိမ်းသိမ်းနိုင်တာဟာ ကျွန်တော့်တို့ဘက်က ညံ့တာဘဲဖြစ်ပါ တယ်။ အခု အဲဒီ ကလေးတွေရဲ့ အနာဂါတ်က ဘယ်လိုဖြစ်သွားမယ်ဆိုတာ ဘယ်သူမှ မပြော နိုင်ဘူး။” ဟု ပြောသည်။
အရှင်ပညာစာရအား တရားစွဲဆိုခြင်း မရှိသေးသော်လည်း တရားဥပဒေအရ ကာကွယ်ပေးနိုင်ရန် စစ်တွေမြို့မှ ရှေ့နေမကြီး ဒေါ်အေးနုစိန်မှ လိုက်ပါဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် ဆရာတော်ကို စစ်တွေ အမှတ် ၁ ရဲစခန်းတွင် ယခုထက်တိုင် ချုပ်နှောင်ထားကြောင်း သိရသည်။
: ----------------------------------- ----------------------------------- ----------------------------------- :
(နိရဉ္စရာ သတင်းများကို မည်သူ မဆို လွတ်လပ်စွာ ကူးယူ အသုံးပြုနိုင်ပါသည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြပေးစေလိုပါသည်။)