update အကယ်ဒမီ (၂၀၁၁)
Posted on 30.12.2012 by
shweyoat
Update အကယ်ဒမီပွဲ (၂၀၁၁)
“ဟင် ဒါဆိုပျိုးပျိုးပျက်ပျက် ဒိုဒိုးဒန့်ဒန့်တွေ ငါတွေ့ရတော့မပေါ့…”
သုဝဏ္ဏအားကစားရုံစောင့်ဘိုးဘိုးသည် သူ့၏ အားကစားရုံမှာ ယခင့် ယခင်က ရှိုးပွဲများမကျင်းပဖူး သည့်အလား နတ်ပျိုလေးတစ်ပါးလို ရင်ခုန်သွားသည်။ သူ၏အပြောကို နေပြည်တော်တွင် အကယ်ဒမီကွင်းစောင့် ဘိုးဘိုးလေးက ရယ်လေတော့သည်။ ထို့အပြင်
“ပျော်မနေပါနဲ့ နားတွေညီးလို့ပါ ဘိုးဘိုးရယ်…ကဲ ..ကျွန်တော်ပြန်တော့မယ် တော်ကြာဖလိုက်မမှီဘဲ နေဦးမယ် ”
“ဟင်….. မင်းကဖလိုက်နဲ့ပြန်မှာလား ….သတိလဲထားဦးနော်… တော်ကြာ…”
သုဝဏ္ဏအားကစားရုံစောင့်ဘိုးဘိုး သတိပေးသည့်စကားကို နေပြည်တော်ဘိုးဘိုးမှ
“ အိုဒါများဘိုးဘိုးရယ် ကျွန်တော်ဘာကြောက်စရာလိုလို့လဲ … မြန်မာနိုင်ငံက လေယာဉ်မှူးတွေ တော်ချက်က အံ့မခန်းဘဲကို… လေယာဉ်တစ်စီးလုံး မွမွကြေအောင်မီးလောင်တာ အပျက်အစီးက 1%လောက်ဘဲ ရှိတာ …. ပြီးရင် ဘာမှမဖြစ်ရင် အလျော်တောင်ပေးသေး ..ဟေးဟေး… ..ဒါပေမယ့် ဘိုးဘိုးရယ် စိတ်မပူပါနဲ့ ….အဲစီးဒန့်ဆိုတာ တစ်သက်မှာ တစ်ခါဘဲဖြစ်တာပါ…”
“ဘာဘဲပြောပြောမပြန်နဲ့ ဦးဟာ… ငါနဲ့အတူ အကယ်ဒမီပွဲအားပေးဦး..”
နေပြည်တော် ဘိုးဘိုးလေးခေါင်းကိုတွင်တွင်ကုတ်လိုက်သည် သုဝဏ္ဏအားကစားရုံစောင့်ဘိုးဘိုးက သူ့ထက်ဝါကြီးဆိုတော့လဲ အရိုအသေပေးသည့်အနေဖြင့်နေရပေဦးမည်။
“ဒါနဲ့ ဒီနေ့ တစ်ပြေးနေတာ ဘယ်ကားလဲကွ..”
နေပြည်တော်ဘိုးဘိုးသည်သုဝဏ္ဏအားကစားရုံစောင့်ဘိုးဘိုး၏ စကားကိုစိတ်ဝင်စားရန်ကောအကြည့် ဖြင့်ကြည့်ကာ
“ခဏတစ်ဖြုတ် အမှောင်လုံးများ ..ကားလေ … မင်းသားရော မင်းသမီးရော ဇာတ်ညွှန်းကော အဲ့ကားက ရမှာ”
“မင်းကသိလှချည်လားဘိုးဘိုးလေးရ ….”
“သိဆို ခုရေးနေတဲ့ရွှေရုပ်က အကယ်ဒမီပွဲပြီးမှ စိတ်ထဲထင်တာတွေ လျှောက်ရေးတာကိုး…..အဲလေ ….ကျွန်တော်က ကျွန်တော်တို့ဆီမှာ အကယ်ဒမီပွဲလုပ်သက်ရင့်လာတော့ မှန်းတတ်နေတာပါ…”
သို့နှင့် အကယ်ဒမီညနေသို့ရောက်လာခဲ့တော့သည်။
--------------------
မင်းသမီးရွှေရုပ်သည် အကယ်ဒမီဝန်းထဲအ၀င်မှာပင် တရုတ်မိတ်ကပ်ပညာရှင်“ရမ်းပြင်”နဲ့ ခလုတ်ခဏခဏတိုက်နေတော့သည်။
“မာမီ…. မာမီကလဲ …လမ်းလျှောက်ရင်ဘေးကကပ်လျှောက်လို့ပြောရဲ့သားနဲ့ အခုပွဲက မာမီပွဲလား မီး ပွဲလား … ပြီးတော့ မာမီနော် ၀တ်လာတာက အောကြိုက်ကြီး…”
“အို….မီးကလဲ မာမီက မီးကိုလမ်းရှင်းပေးတာ မီးမကြိုက်လဲ ဘေးကလျှောက်မယ်နော်…… ”
ထိုအခါမှ ခဏတဖြုတ် အမှောင်လုံးများဇာတ်ကားမှ တစ်ပြေးနေသော မင်းသမီးရွှေရုပ်ကို ကင်မရာမန်းတွေ ရမ်းချင်တိုင်းရမ်းလို့ရသွားလေတော့သည်။ (ဓါတ်ပုံကိုကို မီးကုန်ယမ်း ကုန်ရိုက်တာကိုပြောပါတယ်)
ထို့ပြင် အကယ်ဒမီပွဲအလှကို ရင်ခုန်စွာကြည့်နေတဲ့ ဘိုးဘိုးနှစ်ဦးမှ အတွေ့အကြုံမရှိသေးသော သုဝဏ္ဏအားကစားရုံစောင့်ဘိုးဘိုးမှ
“ဟယ် ….ဟိုဟာ ဘာလဲ …. အမေဇုံတောထဲက လွှတ်လာတာလား”
နေပြည်တော်ဘိုးဘိုးသည် ပါးစပ်ဟကာ အအံ့သြကြီး အံ့သြသွားခဲ့ရသည်။ ဟုတ်ပါရဲ့ကြည့်စမ်းပါဦး အဓိကတွေသာ အဓိကထားတာ အောင်မလေး…အဲ့လိုသာ အဓိမကလို့ကတော့ …ဟင်း…. အံ့သြစရာကြီး ဒီလောက်အေးနေတာကို သူမို့ အသားဖော်ပြီးပြောလိုက်ချင်ဘူး တစ်နှစ်မှ ဒီလိုမမြင်ဖူး မြန်မာ့အကယ်ဒမီ ဆုပေးပွဲတဲ့ ပွဲတက်ဝတ်စုံက လူရိုင်းတောထဲကလို …..လူရိုင်းတောထဲမှတော့ တိရစ္ဆာန် တစ်ကောင်ကောင်ရဲ့ သားရေကိုဖုံးမှာပေါ့ ခုတော့ ရွှေရောင်ပန်းခက်ကို အဓိကကို ဖုံးထားလေရဲ့ဗျာ… အမြင်ဆိုးပေမယ့် လွှတ်ကြည့်လို့ကောင်းဗျား….
နေပြည်တော်ဘိုးဘိုးက လူငယ်မို့ မျက်စိအစာကို အငမ်းမရကျွေးလိုက်လေတော့သည်။ ထိုအခါသုဝဏ္ဏအားကစားရုံစောင့်ဘိုးဘိုးမှ
“ငါမေးတာဖြေဦးလေ ဘိုးဘိုးလေးရယ် …”
“ဟို…ကြည့်ကောင်းလို့ပါ အဲလေ… သူက ခေတ်ရေစီးကြောင်းအင်္ကျီလို့ခေါ်ပါတယ် ဘိုးဘိုးကြီးရယ် …လူရိုင်းမဟုတ်ပါဘူး…”
နေပြည်တော်ဘိုးဘိုးဖြေအပြီးတွင်
“ဟယ် ဟိုမှာဟေ့ အကယ်ဒမီပေးပွဲကို ရေလာချိုးတဲ့သူတွေ…”
နေပြည်တော်ဘိုးဘိုးကသုဝဏ္ဏအားကစားရုံစောင့်ဘိုးဘိုးစကားကို အော်ရီတော့သည်။
“ဟားဟား … ဘိုးဘိုးကြီးရာ …အဲ့ဒါ ပွဲတက်ဝတ်စုံပါဗျ… ”
“သြော်…. ပွဲတက်ဝတ်စုံကလဲ …. ထမီရေလျားကြီးဘဲ ..ဒါဆို ဟိုဘက်ရပ်ကွက်ထဲက ကောင်မလေးတွေ ပွဲတက်ဝတ်စုံနေ့တိုင်းဝတ်ပြီးရေချိုးကြတာပေါ့…. ဟင်း……..”
နေပြည်တော်ဘိုးဘိုးသည် ဘာမှရှင်းပြမနေတော့ … ထမီရေလျားတစ်ဖြစ်လဲ ပွဲတက်ဝတ်စုံအားလည်းကောင်း ၊ အချွန်အတက်တွေနဲ့ ပွဲတက်ဝတ်စုံအားလည်းကောင်း ထို့ပြင် နားကပ်နားဖက်နဲ့ နာမည်ကြီးမင်းသားကြီးတစ်ဦးအား အံ့သြစွာဖြင့်လည်းကောင်း ၊ မြန်မာနိုင်ငံမှ ကင်မရာမန်း ၊သတင်းထောက်များ၏ ဆပ်ပြာသည်လင်ပျောက်မှုအားလည်းကောင်း သဘောကျကျနှင့်ငေးကြည့်နေမိတော့သည်။ ဒါကို သုဝဏ္ဏအားကစားရုံစောင့်ဘိုးဘိုးမှ
“ဟယ်… ဟိုသူငယ်ကျတော့လေးစားထိုက်တယ် မြန်မာတိုက်ပုံနဲ့ ဆံပင်ကိုလဲ စေတီပုံတည်ပြီး ရွှေချထားသေးတယ်…”
“ဟားဟား… ဘိုးဘိုးကြီးရယ် ဒါက ခေတ်ဒီဇိုင်းဘဲ ၀မ်းဝေးလို့ခေါ်တယ်…”
“သြော်…… တူးဝေးဆိုရင် စေတီနှစ်ဆူ ဖြစ်နိုင်တယ်…”
ကိုယ်သန်ရာကိုယ်ဆွဲတွေးရင်း မင်းသမီးရွှေရုပ်အား အင်တာဗျူးနေရာသို့ မျက်လုံးရောက်မိကြတော့သည်။
“မရွှေရုပ် ဒီနှစ်အကယ်ဒမီကိုရင်ခုန်လား…”
“ရွေှ့ရုပ်ကတော့ အကယ်ဒမီမရှိလဲရင်ခုန်ပါတယ် …ရင်မခုန်ရင်သေမှာပေါ့နော်… ”
“မရွှေရုပ်က ဘယ်ကားမှာပါတာလဲ….”
“ခဏတစ်ဖြုတ် အမှောင်လုံးများ…ကားပါ”
---------------------
“ခဏတစ်ဖြုတ် အမှောင်လုံးများဇာတ်ကားမှ ဇာတ်ညွှန်းဆုကိုရရှိသွားပါတယ်… ရရှိတဲ့သူကတော့ ဇွတ်ရေးနှင့် ရမ်းတုတ် တို့နှစ်ယောက်ဘဲဖြစ်ပါတယ် …”
အခန်းနားတစ်ခုလုံး ဝေးကနဲအော်လိုက်ကြသည် နဂိုကတည်းက ထိုနှစ်ယောက်ရမည်လဲမှန်းထားကြခြင်းကြောင့်ဖြစ်သည်။ ဆုရသည့်သူနှစ်ဦးမှ တစ်ဦးသည် အသက်ငယ်သေးသည် အသက်သုံးဆယ်ခန့်ပင်ဖြစ်သည်။ ထိုနှစ်ယောက်စင်ပေါ်ရောက်ပြီး ကျေးဇူးတင်စကားအပြောတွင် အသက်သုံးဆယ်အရွယ်ခန့်ပုဂ္ဂိုလ်မှ
“ဒီကားကို ကျွန်တော် လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်ကတည်းက အသည်းထဲစွဲနေပြီး အဲ့အချိန်ထဲက သန္ဓေ
တည်လာခဲ့တာမို့ ဆုရတာကို ကျွန်တော် အလွန်ဝမ်းသာပါတယ်…”
သုဝဏ္ဏအားကစားရုံစောင့်ဘိုးဘိုးမှ မနေနိုင်ဘဲ
“ဟေ့ရောင် ဘိုးဘိုးလေးမင်းကြည့်စမ်း အဲ့တစ်ယောက် အလွန်ဆုံးရှိမှ အသက်သုံးဆယ်ကျော်ပေါ့ … ဒီဇာတ်ကားကို သူလွန်ခဲ့တဲ့ ဆယ့်ငါးနှစ်ဆိုတော့ သူ အသက်ဆယ့်ငါးနှစ်ကတည်းက ဇာတ်ညွှန်းရေးစားလာတာလား..”
အဖြေရခက်သည့်မေးခွန်းကြောင့် နေပြည်တော်ဘိုးဘိုးလေးသည်
“သိပါဘူးဗျာ”ဟုသွက်သွက်ဖြေသည်။ ထိုအချိန်တွင် ကင်မရာကမင်းသမီးရွှေရုပ်ဆီကို ချိန်ရွယ်ထားသည်။ ပြီးတော့ တစ်နိုင်ငံလုံးကိုတိုက်ရိုက်လွှင့်နေတာလဲဖြစ်သည်။ ဒါကိုမင်းသမီးမှ သတိမပြုမိ ဘေးမှာရှိသောတစ်ယောက်နှင့် တွေ့ကရာမင်းသမီးအကြောင်းတွေအတင်းတုတ်ရင်း နှပ်ချေးဖတ်ကလော်ကာ လက်ညှိုးနှင့်လက်မကြားထဲထည့်လုံးနေတော့သည်။ ထို့နောက်
“ရွှေရုပ် ဟိုမှာနင့်ပုံ …”
ရွှေရုပ်လန့်သွားသည်။ မလန့်ခံနိုင်ရိုးလား ။ သူမ နှပ်ချေးဖတ်ခွာနေသည်ဘဲ ထိုနှပ်ချေးဖတ်ကို လန့်သွားရင်း ဘေးမှာရှိသော မင်းသမီးအား ခွံ့လိုက်လေတော့သည်။ မဟုတ်ရင် ရွှေရုပ်နှပ်ချေးဖတ်ခွာတာ တစ်နိုင်ငံလုံးသိရချည်ရဲ့…
“ရွှေရုပ် ဒီနှစ်တော့လုံလုံခြုံခြုံပါလား…”
ရွှေရုပ်သည်ပြုံးလိုက်ရင်း
“ဒီနှစ်ကိုယ်ရမယ်ထင်တယ် ..စင်ပေါ်တက်ရင် မရိုင်းအောင်လို့ပါ နို့မဟုတ်လို့ကတော့ …အဟင်းဟင်း …. ဟိုတစ်ယောက်ထက်ကို သာအောင်ဝတ်ဦးမှာ…”
ဘေးမှမင်းသမီးသည် ရွှေရုပ်ပြသောနေရာအားလိုက်ကြည့်သည်။ ထို့အတူ ဘိုးဘိုးနှစ်ဦးသည်လဲ လိုက်ကြည့်မိသည်။ ထို့ပြင် ပါးစပ်တွေမှလည်း တညီတည်း
“အဓိကမ…”
ထို့နောက် ရွှေရုပ်သည် ဘေးကမင်းသမီးအား
“ဟုတ်တယ် သူများကိုလက်ခုပ်တီးပေးရုံ ဓါတ်ပုံအရိုက်ခံရုံလာတဲ့ ဟာတွေ နင်ကြည့်ပါလား အကုန်လုံး ဟာတာလွတ်ထွက်တွေချည်းဘဲ… အဟီးဟီး…”
“ရွှေရုပ်ဖြစ်ပါတယ်ရှင်…”
“ဟဲ့ရွှေရုပ် သူများအတင်းပြောနေတာနင့်ကိုခေါ်ကုန်ပြီ… နင်ဆုရပြီဟဲ့ …”
ရွှေရုပ်သည် စတိတ်စင်ရှိရာသို့သွားရန်ထရပ်လိုက်စဉ်
“၀ုန်း…၀ုန်း…၀ုန်း..”
“ဟဲ့သောက်ခွေး…”
အလုံးပေါင်းများစွာကင်မရာတို့က မျက်နှာကို ခိုက်မိတော့မတတ်တစ်ဖျတ်ဖျတ်ရိုက်ကြလေသည်။ ကင်မရာမန်းတွေလဲ သူတို့ကိုယ်တိုင် တီင်္ဗီမှာပါချင်သည်ထင်၏ ။ ဇွတ်ကို ဆပ်ပြာသည်လင်ပျောက်တော့သည်။ ကင်မရာတွေပေါ်ကင်မရာတွေဆင့်ကြသည်။ သူတို့ရိုက်သည့်ပုံ ဘယ်နေရာမှာ ကောင်းမည်နည်း။ ပုံထဲမှာ ကင်မရာတွေဘဲမြင်ရတော့မပေါ့။ မဟုတ်ရင်လဲ ရွှေရုပ်ခေါင်းဘဲပါမည်ပေါ့။ စပ်စလူးစိန်ကြလေခြင်းနော်။
-----------
“ရွှေရုပ်သည် သူ၏ကျရာဇာတ်ရုပ်တွင် အမှောင်ထဲ၌ အကန်းနှမ်းစမ်းသလိုတွားသွားခြင်း၊ လက်နိုပ်ဓါတ်မီးအလင်းရောင်အား ပိတ်ချင်လိုသောအခါ ရှိသမျှ အ၀တ်များဖြင့်အုပ်ခြင်း တွေ့ကရာကြွက်တွင်းထဲ ဇွတ်ကနဲထိုးပြီး ပျော်သွားသည့်အချိန် အမှုအယာအပြင် …. ဇာတ်ကားတစ်ခုလုံးတွင် မှောင်မှောင်မဲမဲထဲ အပီပြင်ဆုံးသရုပ်ဆောင်နိုင်ခြင်းတို့ကြောင့် ယခုနှစ် အကယ်ဒမီဆုကို ထိုက်ထိုက်တန်တန်ရရှိသွားတာဖြစ်ပါတယ်…”
ခဏတစ်ဖြုတ် အမှောင်လုံးများ ဇာတ်ကားကို ပြသတော့သည်။ ထိုအခါ သုဝဏ္ဏအားကစားရုံစောင့် ဘိုးဘိုးမှ
“ဒီဇာတ်ကားမင်းကြည့်စမ်း….. ဟိုတလောကလာတဲ့ တရုတ်ကားအတိုင်းဘဲနော် ….ကြည့်စမ်း အမှောင်ထဲမှာ ကလစ်ပျောက်တာက အစ ….ဟယ် အဲ့အခန်းလေး …အဲ့အခန်းလေး ….ကွတ်တိကြီးပါလား ….ဟင် ခိုးချထားတာ ….ခိုးချထားလိုက်ကြတာ …. ဒါကို အကယ်ဒမီပေးတယ် …သွားပြီဟေ့….သွားပြီ…”
“ဟာ …ဘိုးဘိုးကြီးကလဲ အဲ့တရုတ်ကားက ဘယ်မှာရိုက်တာလဲ …. ”
“တရုတ်ပြည်…”
“ဒါကရော ”
“မြန်မာပြည်..”
“တူလား…”
“မတူပါဘူး…..”
“မတူဘူးဆို အကယ်ဒမီပေးလို့ရတယ် ဘိုးဘိုးရဲ့….”
“ဟေ…ဟုတ်လား..”
“ဟုတ်တယ် ကဲ အကယ်ဒမီလဲအကုန်ပေးပြီးပြီ ကျွန်တော်ပြန်တော့မယ် ဘိုးဘိုးကြီးရာ….”
-------------------------
နေပြည်တော်ဘိုးဘိုးသည်သုဝဏ္ဏအားကစားရုံစောင့်ဘိုးဘိုး မတားခင်မှာပင်ပြန်သွားတော့သည်။ တော်ကြာ မဖြေနိုင်သည့်မေးခွန်းများမေးနေပါက အခက်တွေ့နိုင်တော့သည်။ ထို့ပြင် နေပြည်တော်ဘိုးဘိုးပြန်သွားတော့ သုဝဏ္ဏအားကစားရုံစောင့်ဘိုးဘိုးမှာလဲ ထိုဗျုတ်စဗျင်းတောင်းပွဲအား မကြည့်ချင်သောကြောင့် သူ၏ သလွန်ကိုသွားကာ ခြေဆန့်လိုက်လေတော့သတည်း
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ပြုံးပျော်နိုင်ပါစေ
ရွှေရုပ်