အချစ်မျက်ဝန်း

Geschrieben am 02.12.2009 von akyawmyint

 ယောင်္ကျားတစ်ယောက်နဲ့  မိန်းမတစ်ယောက် တစ်ယောက်ကိုတစ်ယောက် အမြဲတမ်းချစ်တဲ့မျက်လုံးနဲ့  ကြည့်ချင်ကြတယ်ဆိုပဲ။သိပ်ချစ်ကြပါတယ်တဲ့။ဘာကြောင့် ချစ်တာတော့ မသိဘူးလေ။ ကာယကံရှင်တွေသာနားလည်ကြပါလိမ့်မယ်။

ဒါပေမဲ့ သူတို့  လည်းလေ လောကီသားတွေ သာမန်လူသားတွေဆိုတော့ စိတ်ကို မနိုင်တတ်ကြဘူးပေါ့။ အဲဒီတော့ တစ်ခါတစ်လေ စိတ်ကောက်တာတွေစိတ်ဆိုးတာတွေ ရှိခဲ့ ကြမှာပါ။ အဲဒီ စိတ်ဆိုးမိတာလေးတွေ စိတ်ကောက်မိတာလေးတွေတောင် နောင်တရလွန်းလို့ ပါတဲ့။ ဘယ်တော့မှစိတ်မတိုချင်တော့ပါဘူး စိတ်မကောက်ချင်တော့ပါဘူး အမြဲတမ်းတစ်ယောက်ကို တစ်ယောက် ချစ်တဲ့မျက်လုံးနဲ့ သာ ကြည့်ချင်မြင်ချင်ပါတယ်တဲ့။ကဲ..အဲဒါ ဘာလုပ်ရမလည်းတဲ့။

ဒီဇတ်လမ်းလေးက ခု မှပေါ်လာတာတော့ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၆၀၀ ကျော်က မဇ္ဇိမဒေသလို့ ခေါ်ကြတဲ့ အိန္ဒိယမှာဖြစ်ခဲ့တာပါ။ဂျွန်စောတို့  အွန်စောတို့ လို ကိုရီးယားတွေချည်း ချစ်ကြတာမဟုတ်ပါဘူးနော့ ။ ကုလားမှာလည်းအသည်းနဲ့ ပါပေါ့။ သူတို့ ကလည်းအချစ်ကြီးသူတွေဆိုတော့ ဒီလောက်လေးနဲ့ မပြီးပါဘူး။ ချစ်တာလေးပြောရုံလောက်နဲ့  မပြီးကြပါဘူးတဲ့။ တကယ်ဘာဆက်လုပ်ရမလည်းဆိုတာ ဘယ်သူ့ ဆီသွားမေးသလည်းသိလား။

တော်ရုံလူလောက်ကို လျာအရိုးမရှိတိုင်းလျောက်ပြောမှာ သိလို့  အချိန်ကုန်ခံပြီးမမေးပါဘူး ။မေးမဲ့ မေးတော့ သိစရာအကြောင်းအရာမှန်သမျှကို အရေအတွက်အားဖြင့်ကော အတိုင်းအရှည်အားဖြင့်ပါ အလုံးစုံကို မချွင်းမကျန်မှန်ကန်စွာ သိတော်မူတယ်ဆိုတဲ့ မြတ်စွာဘုရားကို ပရိသတ်အလည် လူအများရှေ့ မှာပဲ တရားဝင် မေးလျောက်ကြပါသတဲ့။

(မိန်းမက ကိုယ့်ခင်ပွန်းကို ချစ်တယ် ။ယောင်္ကျားက ကိုယ့်ဇနီးကို အလွန်ချစ်တယ်ဆိုတာ ဘယ်လောက်ကောင်းလဲ…ရှက်စရာမှမဟုတ်တာ … ယောင်္ကျားမိန်းမ ခဏလေးပဲဖြစ်ဖြစ် ခွဲရခါနီးလေးမှာ အနောက်တိုင်းသားတွေက I LOVE YOU. ဆိုပြီး ပြောကြတာ လေဆိပ်တွေမှာ မတွေ့ ချင်မှ အဆုံးဗျာ။နမ်းတောင်နမ်းသေး။ မြတ်မြတ်နိုးနိုး ကြင်ကြင်နာနာ…၊ ဘေးရန်ကင်းကွာလိုရာရောာက်ပါစေ လမ်းခရီးဖြောင့်ဖြူးပါစေဆိုတဲ့ အကြင်နာတွေ မေတ္တာတွေ အပြည့်နဲ့ ပါးချင်းကပ်နေတဲ့ အဘိုးကြီးအဘွားကြီးအတွဲတွေများ တွေ့ မှိရင် မန်းကျော်တို့က အားတောင်ကျလိုက်မိသေးဗျာ။အိုအောင်မင်းအောင် ကြင်ကြင်နာနာနဲ့  ပေါင်းနေကြတာ အားကျစရာဗျ။ ….ကျနော်တို့ မြန်မာများကတော့ လူရှေ့  မှာ ချစ်တယ်ပြောမှာ ရွံ့ တွံ့ တွံ့  ဖြစ်ကြပါတယ် ရှက်လို့ တဲ့..။ဒါပေသိဗျာ ရန်ဖြစ်ပြီဆိုရင်ဖြင့် ကလော်တုတ်လိုက်ကြတာ မိုးကိုမွှန်လို့  ဘယ်မှာလည်းအရှက် ။တစ်ချို့ များကြတော့ဗျာ ယောင်္ကျားကစကားတောင်မဆုံးသေးဘူး ပါးကချ ပြီးပြီဗျား မြန်မာတွေ ရှက်ပုံလေးတွေ…..)

ကဲကဲ ပြန်ဆက်တာပေါ့ဗျာ အဲဒီမှာကြုံတုန်းလေးပေါ့ဗျာ သိကောင်းစရာလေးပေါ့ဗျာ…. လောကကြီးကို ဘုရားသိသိတယ်ဆိုတာလေးပါ ။ဘုရားရဲ့ ဥာဏ်တော်က ဘယ်လို သိတာလည်းဆိုတာလေးပါ…။လောကကြီးမှာ သိစရာအကြောင်းအရာမှန်သမျှကို အရေအတွက်အားဖြင့်ကော အတိုင်းအရှည်အားဖြင့်ပါ အလုံးစုံကို မချွင်းမကျန်မှန်ကန်စွာ သိတော်မူတယ်တဲ့။

(ဥပမာက ဒီလိုပါ။ လောကကြီးထဲမှာ သိစရာ ၁၀၀ ရှိတယ်ဆို ၁၀၀ လုံးသိပါတယ်တဲ့ ။ဒါ အရည်အတွက်အားဖြင့်ပါ။ ၁၀၀ ထဲက ၁ ကိုလည်း အစ အလည် အဆုံး အားလုံးကိုသိတော်မူပါသတဲ့။ ဒါကတော့အတိုင်းအရှည်အားဖြင့်ပါ ။ ဘယ်လို အကြောင်းအရာမှန်သမျှ အစလောက်တော့ရောင်ဝါးဝါးလေးသိတဲ့ဟာမျိုးမဟုတ်ပါဘူး။ ကျနော်ကတော့ သိသလောက်ကလေးပြန်မျှတာပါပဲ။ မမှန်ဘူးထင်တာလေးတွေ ပြန်ပြောကြပါ မကြေနပ်လို့  ဆဲကြလည်း ဘာမှ ပြန်ပြောမှာမဟုတ်ပါဘူး)။

 အဲဒီလိုပညာဥာဏ်အရာမှာယှဉ်စရာမရှိတဲ့ ဘုရားကို မေးကြတော့ ဘုရားက လေးချက်ဟောပါတယ် ။ ဘာလုပ်ရမလည်းဆိုတာက လေးမျိုးတူအောင်လုပ်ရမယ်တဲ့ဗျား။ လေးခုထဲပါ။ Step တို့ Giordano တို့  ဆင်တူဝတ်ရမယ်ဆိုတာတို့  နံသာရောင်ဆင်တူဝတ်ရမယ်ဆိုတာတို့ တော့ မပါဘူးဗျ။

တူအောင်ညှိယူရမှာကတော့

၁။ မှန်ကန်သောအယူ (ဝါ)သဒ္ဒါ

၂။ကိုယ်ကျင့်တရား (ဝါ)သီလ

၃။အကြားအမြင်ဗဟုသုတ(ဝါ) ပညာ

 ၄။ပေးကမ်းစွန့်ကြဲမှု (ဝါ) စာဂ တို့ ဖြစ်ကြပါတယ်တဲ့။

 ၁။မှန်ကန်သောအယူဆိုတာ အခြေခံအားဖြင့်ဗျာ နှစ်ယောက်လုံးက ကောင်းတာလုပ်ရင် ကောင်းကျိုးရမယ်ဆိုတာလောက်ပေါ့။တစ်ယောက်က အမြီးကျက် မြီးစား ခေါင်းကျက်ခေါင်းစား စိတ်ဓါတ် နဲ့  တစ်ယောက်က တရားနဲ့ အညီ လုပ်သင့်လုပ်ထိုက်တာလုပ်ပြီး ရသင့်ရထိုက်တာကို စားမယ်ဆိုတဲ့စိတ်ဓါတ်တွေရှိနေကြရင် ဘယ်လိုလုပ်ပြီးအဆင်ပြေပါ့မလည်းနော်။တစ်ယောက်စ်ီက လောကကြီး ကိုတစ်မျိုးစီမြင်နေကြရင် ဘယ်မှာတူညီတဲ့ ပန်းတိုင်ရှိတော့မှာလည်းတဲ့။ သဘောထားချင်း၊ခံယူချက်ခြင်းတူဘို့ အခြေခံက မှန်ကန်သောအယူရှိအောင်ညှိပါတဲ့။

၂။ကိုယ်ကျင့်တရား (ဝါ)သီလ ကတော့ရှင်းနေတာပါပဲ။တစ်ယောက်က ဘာသာရေးလိုက်စားပြီး တစ်ယောက်က မကောင်းမှုမှာပျော်ပါးနေရင်ဗျာ…..။ယောင်္ကျားက အရက်သောက် ဖဲရိုက် …………………………၊မိန်းမက ဥပုသ်စောင့်မယ်ဆို၇င်ဗျာ။မိန်းမက ဘုရားတရားမသိ လက်ရဲဇက်ရဲ သတ်ရဲခိုးရဲနဲ့  ယောင်္ကျားက ဘုရားတကာဆိုဗျာ ဘယ်မှာကြာရှည်ချစ်နှိုင်ပါ့မလည်း။ကွဲမှာပဲဗျနော့။တစ်ယောက်ကတော့ သူကလွဲရင်ဖွဲဆန်ကွဲဆိုပြီးစောင့်စည်းပေမဲ့ တစ်ယောက်ကတော့ NIGHT CLUB တွေ KTVတွေမှာ ချည်းကဲနေရင်ဗျာ…။

၃။အကြားအမြင်ဗဟုသုတ(ဝါ) ပညာ မှာကတော့ တစ်ယောက်က ဘာမှမလုပ်တတ်မကိုင်တတ် ၊ အရိပ်သုံးပါးလည်းနားမလည်၊ပြောပြလည်းနားမလည် ပြန်ပက်တာလောက်ပဲတတ်ပြီး ဘာမှစဉ်းစားတတ်ခြင်းမရှိရင် ၊ ဘာမှရှေ့ရေးနောက်ရေးမတွက် သုံးမယ် ကဲမယ် သွားမယ် လုပ်ချင်တာလုပ်မယ် ဆိုတာရယ်၊ ဘာမှမလေ့လာမဆင်ခြင် ထစ်ခနဲဆို ဒင်းကြောင့် ဆိုပြီးကိုယ့်ကိုကိုယ်သာအကောင်းမြင်တတ်တာတွေရှိနေကြရင် ၊ ချစ်ပါတယ်ဆိုတာ လိုချင်တာရအောင်အတူနေနေတာကလွဲပြီး ဘာမှ သဘောမပါတော့ပါဘူးနော်။ဘယ်မှာကြာရှည်ခံပါမလည်း။

၎။ပေးကမ်းစွန့်ကြဲမှု (ဝါ) စာဂ ကတော့မြင်သာပါတယ်ဗျာ. ယောင်္ကျားကလှူချင်ပေမဲ့ မိန်းမက အပိုလို့ ထင်တာတွေ။မိန်းမက ဆွမ်းကပ်ချင်တာ ယောင်္ကျားက သူ့ အရက်ဖိုး ဘောလုံးဖိုး ပါမှာစိုးရိမ်တာတွေပေါ့။နောက်တစ်ခုကတော့ ကိုယ့်အမျိုးဘက်မှာ ပေးကမ်းစွန့်ကြဲမှူကကောင်းပြီး သူ့ ဘက်ကြတော့ ဘာမှမပေးမကမ်းချင်တာတွေဟာ တော်တော်ဆိုးတဲ့ မတူညီမှုတွေပေါ့ဗျာ….။

အဲဒီလေးချက် တူညီနေရင်တဲ့ ၊အမြဲတမ်းချစ်သောမျက်စေ့နဲ့  တစ်ယောက်ကိုတစ်ယောက်ကြည့် နှိုင်ပါလိမ့်မယ်တဲ့ဗျ။ ကျနော် က သိထားတာလေးတွေကို ဆီလျော်အောင်ရေးထားတာပါ။ အတိအကျ အကြယ်တဝင့်ထပ်သိချင်ရင်တော့ နီးစပ်ရာဆရာတော်တွေဆီမှာမေးကြည့်ပါ။

သီတဂူဆရာတော်ကြီးဟောထားတာကိုနာမိရင်းက စိတ်ကူးရပြီးရေးမိတာပါ။ဗုဒ္ဓဘာသာဟာ ဘယ်လောက် ယထာဘူတကျတယ် ဘယ်လောက်တိတိကျကျ အနှစ်သာရရှိတယ်ဆိုတာ ရယ်၊ လူသားတွေကောင်းကျိုးစီးပွားအတွက် ဗုဒ္ဓမြတ်စွာဘုရားက ဒါတွေလည်းဟောခဲ့တယ်ဆိုတာ သိစေချင်တဲ့စေတနာရယ် ၊ နောက် ဖတ်ပြီးတော့  တွေးကြ သိကြ ရှောင်သင့်တာရှောင် ဆောင်သင့်တာဆောင်ကြစေချင်တဲ့ စေတနာရယ်ပေါင်းပြီးရေးပါတယ်။

 အိမ်ထောင်သည်တွေအတွက်သာမဟုတ် အိမ်ထောင်သည်ဘဝကို ရောက်ကြမယ့် အတွဲလေးတွေ၊ အတွဲမရှိသေးလို့  စဉ်းစားနေတဲ့သူတွေ ကို ညှိစရာလေးတွေ၊ချိန်ကြည့်စရာလေးတွေချပြတာပါ။ လက်တွေ့  အသုံးချနှိုင်ကြပါစေ။ ။

ကျနော်လည်းတူတူပါပဲ။ဘာမှမထူးတဲ့လူတစ်ယောက်ပါ။ညှိနေဆဲပေါ့ဗျာ။ လေးစားစွာဖြင့်  မန်းကျော်။ ။

Diskussion

Auf 01.01.0001 Sagt:
phyothiha123 Auf 02.12.2009 Sagt:

ကျေးဇူးတင်ပါတယ် တကယ်ပါ Thanks!

Kommentar hinzufügen

Bitte anmelden oder registrieren zu:
  • Bild in voller Nutzer-Profil;
  • neue Freunde finden;
  • Kommentare schreiben;
  • Eine persönliche Nachricht senden.
← ဗုဒ္ဓဟောကြားခဲ့သောတရားများသည် ယ…   Zurück zu Blog   ဘုတ်အီးကောက်မျက်ဖြေသံပေါက် →
© 2013-2025 Free Video Chat Conferendo! Alle Rechte vorbehalten.
Sie haben einen Fehler gefunden oder eine fehlerhafte Übersetzung? Markieren Sie den Fehler mit der Maus, drücken Sie "Strg" und die "Eingabetaste" für Ihren Korrekturvorschlag.